ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်လို့ သိလည်းသိထားတယ် ယုံလည်းယုံတယ် အဲဒီထက်ပိုဆိုးတဲ့ ဆေးလိပ်သောက်လို့ ဖြစ်တဲ့ရောဂါသည်တွေရဲ့ဓာတ်ပုံတွေ ကိုလည်းတွေဖူးတယ်။ခက်တာက ကျွန်တော်လည်း ဆေးလိပ်စွဲနေတယ်။ဆေးလိပ်သောက်တိုင်း ကိုယ့်သေတွင်းကိုယ်တူးနေတာလို့ ခံစားရပေမယ့် မဖြတ်နိုင်သေးဘူး။
တစ်လကို စီးကရက်(၆)တောင့် ကုန်တယ် တစ်နေ့ကို ၂ဗူးနှုန်းပေါ့ဗျာ။မျှသောက်ပေးတဲ့လူတွေရှိလို့တော်သေးတယ် တစ်ယောက်တည်းသာသောက်နေရရင် မြန်မြန်သေမှာ။ဆေးလိပ်တောင်းသောက်တဲ့ လူတွေကို ကျေးဇူးတင်နေရတာ။ကျွန်တော်က အမြဲတမ်း ညဖက်အလုပ်ဆင်းရတော့ ပျင်းပျင်းရှိဆေးလိပ်ပဲထိုင်သောက်နေရတာ တစ်ခြားဘာမှလုပ်စရာမရှိဘူး။ခုပြောပြချင်တာက ကျွန်တော့်ဆေးလိပ်ကို ဘယ်လိုမျှသောက်ပေးကြတယ်ဆိုတာ ပြောပြချင်တာပါ။
ညဖက်စက်ရုံမှာ အလုပ်လုပ်နေရင် အလုပ်ထဲက အိန္ဒိယကုလားတစ်ယောက်က ဆေးလိပ်လာတောင်းတယ် သူအိမ်သာသွားချင်လို့တဲ့ အိမ်သာထဲမှာခြင်လည်းကိုက် နံလည်းနံလို့ ဆေးလိပ်ဖွာပြီး အိမ်သာတက်ချင်လို့ပါ ဆိုတော့ မီးပါညှိပေးလိုက်သေးတယ်။ အဲဒီကုလားက ဆေးလိပ်မသောက်တတ်ဘူးဗျ။နဲနဲညဥ့်နက်လာရင် နောက်ထပ်ကုလားတစ်ယောက်ထပ်လာပြီး အိပ်ချင်နေလို့ အိပ်ချင်စိတ်ပျောက်သွားအောင် ဆေးလိပ်ဖွာချင်လို့ပါ ဆိုပြီးလာတောင်းပြန်ရော။ကျွန်တော်လည်း ပေးလိုက်တာပေါ့။လူမျိုးမတူပေမယ့် အလုပ်တူနေတော့ မိတ်ဆွေပဲပေါ့ မဟုတ်ဘူးလား။
၁ရက်၊၂ရက်၊၃ရက် ထိတော့ ကြည်ကြည်ဖြူဖြူ ပေးလိုက်ပါသေးတယ် ၄ရက်မြောက်နေ့ မှာအိမ်သာတက်ချင်လို့ဆိုပြီး ဆေးလိပ်လာတောင်းတော့ ကျွန်တော်လည်းနဲနဲတင်းနေပြီ မင်းအိမ်မှာအိမ်သာမတက်ဘူးလားလို့မေးတော့ အိမ်မှာ အိမ်သာတက်တာရှုံးတယ်တဲ့ အလုပ်ထဲရောက်မှ အလုပ်ချိန်မှာ အိမ်သာတက်တာ ပိုကောင်းတယ်ဆိုပဲ။နောက်တစ်ယောက်ကလည်း အိပ်ချင်လို့ဆိုပြီး ဆေးလိပ်လာတောင်းပြန်ရော ကျွန်တော်လည်း မင်းဆေးလိပ်သောက်ချင်ရင် ဝယ်ထားပါလား ငါ,မင်းဆီက တောင်းမသောက်ပါဘူးပြောတော့ ဘာမှပြန်မပြောဘူး ငြိမ်နေတယ် ကျွန်တော်လည်းဆက်ပြောတာပေါ့ ငါမရှိတဲ့အချိန် ဆေးလိပ်သောက်ချင်ရင် ဘယ်လိုလုပ်မလဲမေးတော့ ဘာဖြေတယ်မှတ်လဲ မသောက်ဘူးတဲ့ဗျား။ကျွန်တော်ပဲ အလျှော့ပေးလိုက်ရတယ် ကျွန်တော်ဗျစ်တောက်ဗျစ်တောက်လုပ်လည်း ငြိမ်နေတယ် ဘေးနားကမခွာဘူး ဆေးလိပ်ပေးမှခွာသွားတာ။သူတို့ ၂ယောက်အိန္ဒိယကိုပြန်ရင်ပြန် ဒါမှမဟုတ် ကျွန်တော်မြန်မာနိုင်ငံကို ပြန်မှပဲ ဆေးလိပ်မတိုက်ရမှာ။ခုတော့ နေ့တိုင်းကို ဆေးလိပ်တိုက်နေဖြစ်တာပဲ။ အဲဒီအိန္ဒိယကုလား ၂ယောက်စလုံး ကျွန်တော့်အပေါ်ကောင်းပါတယ် ကျွန်တော်တစ်ခုခု ဖြစ်လို့ ဟေ့ဆိုတာနဲ့ ကျွန်တော့်ဘေးကိုရောက်ပြီးသားပဲ။
နောက်တစ်ယောက်ကတော့ မြန်မာလူမျိုးပဲဗျ သူ့ကစားကွက်ကတစ်မျိုး။အစပိုင်းမှာတော့ "ကွမ်းရာကုန်သွားလို့ ခံတွင်းချဉ်နေတာ ဆေးလိပ်သောက်မှ" ဆိုပြီးယူသောက်တယ်။"ဒီနေ့ ကွမ်းရာမဝယ် ဖြစ်ခဲ့ဘူး" ဆိုပြီးတော့လည်း ဆေးလိပ်ယူသောက်တယ်။ခုနောက်ပိုင်းကျတော့ ဆေးလိပ်ဗူးကိုဘေးမှာ ချထားရင် "ဆေးလိပ်ဖြတ်ထားတာကွ ဆေးလိပ်ဗူး မြင်ရင်တော့ မသောက်ဘဲမနေနိုင်ဘူး မမြင်ရင်တော့ နေလို့ရတယ်" အဲဒီလိုလာတာ။ ကျွန်တော်လည်းဆေးလိပ်ဗူးကို ဖွက်ထားရတာပေါ့။ ဆေးလိပ်ဖြတ်ထားတဲ့ ပြန်သောက်ရင် ကိုယ့်အပြစ်မကင်းဘူးလေ။ဒါပေမယ့်ပေါ့လေ "ဆေးလိပ်ဖြတ်ထားတာ ပြတ်နေပြီ မင်းကိုမြင်တော့ ဆေးလိပ်ကပြန်သောက်ချင်လာတယ်" ဆိုပြီးယူသောက်တော့ ကျွန်တော်ဘာဆက်လုပ်ရပါ့မလဲ။ မေးတော့မေးကြည့်လိုက်ချင်သေးတယ် "ဆေးလိပ်ကို အသောက်ဖြတ်ထားတာလား အဝယ်ဖြတ်ထားတာလား"လို့။ နေတဲ့အိမ်ကလည်းတူ အလုပ်ချင်းကလည်းတူနေတော့ ကျွန်တော်ဘယ်လိုပုန်းနေရပါ့မလဲ။လူ့လောကများ တယ်ခက်သကိုး။ဝန်ထမ်းဘဝက လာတဲ့လူဆိုတော့လည်း စကားကြွယ်ပေမပေါ့။ကျွန်တော်ကြောက်တာက ဘုန်းကြီးလူထွက်၊ဝန်ထမ်းလူထွက်(အထူးသဖြင့် ကျောင်းဆရာ) တွေများ ပြောရဆိုရ တော်တော်လက်ပေါက်ကပ်တာဗျ။
ခုပြောပြခဲ့တဲ့လူတွေက ပုံမှန်ဖောက်သည်တွေပေါ့ တစ်ခြားဖောက်သည်တွေ အကြောင်းတော့ နောက်ကြုံမှ ပြောပြရအုံးမယ်။
ပြောရရင် ကျွန်တော်လည်း အကျင့်မကောင်းပါဘူး။ဆေးလိပ်တစ်ကယ် ဖြတ်ထားတဲ့လူဆိုရင် ဆေးလိပ်အရမ်းတိုက်ချင်တာ။
ဥာဏ်ကောင်းစေရန် ငါးကြီးဆီစားဖို့မလို၊ဆုဒိုကုကဲ့သို့ ဦးနှောက်ကို အလုပ်ပေးရသော ကစားနည်းများ ကစားနေစရာမလို။ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေး ရန်သာလိုပေလိမ့်မည်။ ယခင်က ကိုယ်ကာယလေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းရေးအတွက်သာ အထောက်အကူပြုနိုင်ကြောင်း ထင်မှတ်ခဲ့ကြသော်လည်း ယခုအခါ ထိုသို့လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်၏ စွမ်းဆောင်ရည်တိုးတက်မှုအတွက်ပါ ကောင်းမွန်စေကြောင်းသိရှိလာကြရပြီဖြစ်သည်။
တစ်ပတ်လျှင် မိနစ်(၃၀)မျှ အေရိုးဗစ်လေ့ကျင့်ခန်းများကို(၅)ကြိမ်မျှပြုလုပ်ပေးခြင်းဖြင့် လေဖြတ်ခြင်း၊ဆီးချို နှင့်ကင်ဆာရောဂါများ ဖြစ်လာနိုင်မှုကို လျှော့ချပေးသလို စိတ်ဖိစီးမှုများကိုလည်း ပျောက်ကွယ်စေပြီး ဦးနှောက်၏ တွေးခေါ်စဉ်းစားမှု အရည်အသွေးကို မြင့်တက်လာစေနိုင်ကြောင်း ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဂျွန်ရတ်တာက ပြောကြားခဲ့သည်။
သဘာဝတရားအရ ထိုသို့သောလေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် ခန္ဓာကိုယ်အတွင်းရှိ ဓာတုဇီဝဖြစ်စဉ်များ အဆင့်ဆင့်ပြောင်းလဲပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူများကို ပိုမိုတောင့်တင်း သန်မာစေခြင်း၊အရွယ်တင်စေခြင်း၊အတွေးအခေါ်ထက်မြက်စေခြင်း အစရှိသော ကောင်းကျိုးများ ရရှိခံစားစေနိုင်မည်ဟု ဆရာဝန်များက အတည်ပြုခဲ့ကြသည်။ပြီးခဲ့သောဆယ်စုနှစ်အတွင်း ကိုယ်လက်လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်တွင် အကျိုးဖြစ်စေသလို ဦးနှောက်ကိုလည်း သက်ရောက်မှုရှိနိုင်ကြောင်း အတည်ပြုနိုင်ရေးအတွက် သုတေသီများက စမ်းသပ်မှုများစွာပြုလုပ်ခဲ့ကြပြီး ယခုအခါ ပထမဆုံးအကြိမ်ထုတ်ပြန် ကြေငြာခဲ့ခြင်းဖြစ်သည်။
ဦးနှောက်မှတဆင့် ယှက်ဖြာနေသော အာရုံကြောများ လေ့ကျင့်ခန်းကြောင့် နိုးကြားလာခြင်းသည် ဦးနှောက်ကို ကောင်းစွာကျန်းမာစေ ကြောင်း ဒေါက်တာဂျွန်ရတ်တာက ရှင်းပြခဲ့သည်။ ထို့ကြောင့်လည်း ဥာဏ်ကောင်းစေရန် ဦးနှောက်ခြောက်ခံကာ ဂိမ်းများကစားခြင်း၊ဆေးဝါးများ စားသုံးခြင်းထက် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခြင်းသည် စိတ်ရောကိုယ်ပါ အကျိုးဖြစ်ထွန်းစေကြောင်း ဒေါက်တာရတ်တာက ပြောဆိုသွားခဲ့ပါသည်။
အထက်က သတင်းလေးကို မလေးရှားမှာထုတ်တဲ့ စမတ်တိုင်းဂျာနယ် မှာတွေ့လို့ ဥာဏ်ကောင်းချင်တဲ့လူများ ကျွန်တော့်ဘလော့ကို ရောက်လာခဲ့ရင် လေ့လာနိုင်ဖို့ပါ။ ကျွန်တော်ကတော့ ဦးနှောက်ကောင်းတာကို သဘောမကျဘူးဗျ ဘာဖြစ်လို့လည်းဆိုတော့ ဦးနှောက်ကောင်းတဲ့လူတွေက စိတ်ဆင်းရဲစရာ ပိုတွေ့ရတတ်တယ်လို့ထင်တယ။် ဦးနှောက်မကောင်းရင် မတရားတာတွေဘာတွေကိုလည်းမသိ အမှန်တွေအမှားတွေကိုလည်းနားမလည်တော့ ဘာမှဒေါသဖြစ်စရာ မလိုတော့ဘူးပေါ့။ ဗေဒင်ကလည်းဟောထားလို့ပါ ဦးနှောက်ကိုကောင်းအောင် မလေ့ကျင့်ပါနဲ့တဲ့ ဥာဏ်ကောင်းလာရင် ထောင်ကျကိန်းမြင်တယ် ဆိုပဲဗျ။
အမေရိကန်မှာ အိုဘားမားရဲ့ ရာထူးလက်ခံတဲ့နေ့က ပြောတဲ့မိန့်ခွန်းထဲက သဘောကျတဲ့ စကားလုံးအနဲအပါးကောက်နှုတ်ပြီး ပို့စ်မှာတင်မလို့လုပ်နေတာ ဗေဒင်ဆရာက ထပ်နှောင့်ယှက်တာနဲ့ မတင်တော့ပါဘူး........ဗျာ။
သီရိလင်္ကာမှာ စစ်တပ်နဲ့ တမီလ်ကျားသူပုန်တွေ တိုက်ပွဲအကြီးအကျယ် ဖြစ်နေတုန်းမှာကျွန်တော့် သူငယ်ချင်းတစ်ယောက်ကို သွားသတိယတယ်။သူက ကျားသူပုန်တွေရဲ့ အသေခံဗုံးခွဲတဲ့ ထရိန်ဆင်းပြီးသားလို့တော့သိရတာပဲ။ ခုလောက်ဆိုရင် သေပဲသေသွားပြီလား မသိပါဘူး။ကျွန်တော့်ကိုတစ်မျိုးထင်နေအုံးမယ် နေ့တိုင်းတွေ့နေကြဖြစ်လို့သာ သူငယ်ချင်းလို့ပြောရတာ သူကလည်းမြန်မာလိုမတတ် ကျွန်တော်ကလည်း တမီလ်စကားမတတ်ပါဘူး။
ဒီပုဂ္ဂိုလ်နဲ့ ဒီလိုစပတ်သက်တာပါ......
မလေးရှားနိုင်ငံဆိုတာ နိုင်ငံစုံက ဘာသာစုံ လူမျိုးစုံ အရှုပ်ထုပ်တွေပါ အစုံလာပြီး အလုပ်လုပ်ကြတာလေ။ ကျွန်တော်အပါအဝင်ပေါ့။ကျွန်တော်လုပ်တဲ့စက်ရုံမှာ မြန်မာ၊အိန္ဒိနဲ့ ဘင်္ဂလား လူမျိုး၃ မျိုးရှိတယ်။အော်..မေ့နေလို့ တရုပ်ကတော့ပါပြီး သားပေါ့ဗျာ။
ကျွန်တော်လုပ်တဲ့စက်ရုံဘေးက အလုပ်ရုံကို သီရိလင်္ကာက တမီလ်လူမျိုး၅ယောက် ပါမစ်နဲ့အလုပ်လုပ်ဖို့ရောက်လာရောဗျ။ တမီလ်ဆိုတာအိန္ဒိယကုလားပါဗျာ ဘာမှမပိုပါဘူး။ကျွန်တော်က ညဖက်အလုပ်လုပ်ရတယ် ကျွန်တော်လုပ်တဲ့စက်ရုံကလည်း စည်းကမ်းသိပ်ရှိတာမဟုတ်ဘူး ဘယ်သူပဲလာလာ ဝင်လို့ထွက်လို့ရတယ် ညဖက်ဆိုရင် စက်ရုံမှာ ဘာတာဝန်ခံမှမရှိတော့ဘူး။ ညဖက်ရောက်တော့ သီရိလင်္ကာကုလားတစ်ယောက်က စက်ရုံထဲကိုအလည်လာတယ် ကျွန်တော့်အလုပ်ထဲက ကုလားနဲ့ကဘာသာစကားတူတော့ သူတို့ချင်း ပွားနေတာပေါ့။ခဏကြာတော့ ကျွန်တော်ဆီကိုရောက်လာရော ကျွန်တော့်စက်ရုံက ကုလားကမိတ်ဆက်ပေးတာပေါ့။ကျွန်တော့်စက်ရုံက ကုလားနဲ့ကျွန်တော်က မလေးလိုပြောတာပေါ့။ကိုယ်ကဆေးလိပ်သောက်တတ်တော့ ဆေးလိပ်ထုပ်တိုက်လိုက်တာပေါ့။ဟိုပြောဒီပြောနဲနဲပါးပါးပွားပြီ အိပ်ချင်ပြီပြောပြီးပြန်သွားတော့ စက်ရုံက ကုလားကပြောပြတယ် ခုလာသွားတဲ့ကောင်က တမီလ်ကျားသူပုန်ထဲက ထရိန်နင်ဆင်းပြီးသားကောင်ဆိုပဲ။တမီလ်ကျားတွေလည်း အသေခံဗုံးခွဲတတ်တာ အရင်ကတော့ ကြားဖူးတာပေါ့။
ကျွန်တော်ကလည်း ပြောတိုင်းမယုံပါဘူး။ဟုတ်တော့ရောဘာထူးလို့လည်း ကိုယ်လုပ်မှ ကိုယ့်လစာရမှာပေါ့။ဒါပေမဲ့ ဒီကုလားက နေ့တိုင်းလာလည်တယ်(အဲ ညတိုင်းလာတာ)။ကျွန်တော်က လာတိုင်းဆေးလိပ်တစ်လိပ်တိုက်ပြီး စကားနဲနဲပါးပါးပြောရတာပေါ့။ အင်တာနေရှင်နယ်ဘာသာစကားလေ လက်ဟန်ခြေဟန်ပေါ့ဗျာ။သူလည်းဗုဒ္ဓဘာသာဆိုပဲ စကားပြောတာတော်တော်ယဉ်ကျေးတယ် ပစ္စည်းတွေပေးတာယူတာ လက်နှစ်ဖက်နဲ့ဗျာ။မြန်မာတွေထဲမှာတောင် အဲလိုယဉ်ကျေးတာနဲနဲရှားလာသလိုပဲ။လူကောင်က ကျွန်တော့်ထက်ပုပြီးပိန်သေးတယ်။ကျွန်တော်အလုပ်ရှုပ်နေလို့ သူ့ကိုဆေးလိပ်မပေးဖြစ်ရင်တော့ လာတောင်းရော။
တစ်ရက်တော့ သူနဲ့အတူတူလာတဲ့ ကုလားတွေနဲ့ ရန်ဖြစ်တော့ ၄ယောက်၁ယောက်ကိုကျန်တဲ့ ၄ယောက်က ဒီကောင့်ကိုကြောက်နေတယ်ဗျာ။၎ယောက်လုံးဒီကောင့်ထက် လူကောင်ကြီးတယ်။နောက်မှမေးကြည့်တော့ သူတို့ကဒီမှာလုပ်လိုက်ရင်ရတယ် ဒါပေမဲ့ သီရိလင်္ကာပြန်ရောက်ရင် အကုန်သေမှာတဲ့။မြန်မာတွေဆို ဘယ်လိုလုပ်ကြမလဲမသိဘူး။
သူ့ဘာသူ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာသာကြက်ဖ သူများအိမ်ရောက်ရင်ကြက်မပါပဲ။ မလေးရှားကလုယက်တဲ့ ကောင်တွေနဲ့လဲတွေ့ရော ဆရာသမားကွဲပြဲပြီးပြန်ရောက်လာတာပေါ့။လွန်ခဲ့တဲ့ ၆လလောက်ကတော့ ပြန်တော့မယ်ဆိုပြီးလာနှုတ်ဆက်တယ် တမီလ်လိုရေးထားတဲ့ လိပ်စာတစ်ခုလည်း ပေးသွားသေးတယ် ရောက်ဖြစ်ခဲ့ရင်ဝင်ခဲ့ပါဆိုပဲ။ကျွန်တော်လည်းဘာမှပေးစရာမရှိတော့ ဆေးလိပ် ၅လိပ် ထုတ်ပေးလိုက်တယ်။ခုလောက်ဆိုရင် လူ့လောကမှာရှိသေးရဲ့လားတောင်မသိပါဘူး။သူပြောသွားတဲ့ထဲမှာ ထူးထူးခြားခြား မှတ်မိနေတာကတော့ တမီလ်ကျားတွေထဲမှာမိန်းမဦးရေက ပိုများဆိုပဲ ဟုတ်မဟုတ်သိရအောင် တစ်ခါလောက်တော့ သွားကြည့်ချင်သေးတယ်။သီရိလင်္ကာ နိုင်ငံရေးတည်ငြိမ်မှ ပိုက်ဆံစုပြီး သွားကြည့်လိုက်အုံးမယ်။ကိုယ့်နိုင်ငံကတော့..........မသိ။
ဒါပေမဲ့သူလည်း သူငယ်ချင်းဖြစ်ခဲ့တာဆိုတော့ တိုက်ပွဲတွေထဲမှာမပါပါစေနဲ့ လို့ဆုတောင်းပေးလိုက်ပါတယ်။
မနေ့က ချစ်သူများနေ့ ဆိုပေမဲ့ ကျွန်တော်အတွက်တော့ ဘာမှမထူးခြားလှပါဘူးဗျာ။ဒီနေ့ သတင်းစာထဲမှာတော့ ထူးထူးခြားခြား လင်မယား စုံတွဲနှစ်တွဲအကြောင်းဖတ်လိုက်ရတယ်။ပထမ စုံတွဲကမလေးရှာကပါ၊ သတင်းခေါင်းစဉ်လေးကလည်း စိတ်ဝင်စားစရာလေ ဒီလိုရေးထားတာ every day is Valentine's Day ။သူတို့ မင်္ဂလာဆောင်ကတည်းက သတင်းစာထဲမှာ တစ်ခါတွေ့လိုက် ရသေးတယ်၊ဒါပေမဲ့ သူတို့အသက်အရွယ်ကို မသိလိုက်ရဘူး ခုမှပဲသိရတာ ယောက်င်္ကျားအသက်က၃၇နှစ်နဲ့ မိန်းမအသက်က ဘယ်လောက်မှတ်လို့လဲ ၁၀၆နှစ်တဲ့၊ဘယ်လိုအကြောင်းကြောင့် ဒီလင်မယားညားကြတယ်မသိဘူး။အိမ်ထောင်သက် ၃နှစ်ရှိသွားပြီဆိုပဲ။
ငွေကြေးကြောင့်တော့ မဟုတ်ဘူးလို့ ယောင်္ကျားလုပ်သူက အင်တာဗျုးတစ်ခုမှာပြောထားတယ်။ကျွန်တော်လည်း အဲဒီလိုပဲထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီလင်မယားကိုကြည့်ရတာ ချမ်းသာတဲ့ပုံမပေါက်ဘူး။ဘာပဲပြောပြော ယောင်္ကျားလုပ်တဲ့လူကို နဲနဲတော့အံ့သြနေတယ်။ဘယ်လိုပြောရမှန်းတော့မသိဘူး။
နောက်ထပ်လင်မယားနှစ်ယောက်ရဲ့ သတင်းကြတော့တစ်မျိုးဗျ။အင်္ဂလန်နိုင်ငံမှာ ၉.၂.၂၀၀၉ (တနင်္လာ)နေ့က မိန်းကလေးတစ်ယောက်ကလေးမွေးတယ်။လင်ယူသားမွေးလုပ်တာ ဘာဆန်းလဲဗျာ။ဒါပေမဲ့ ဒီလင်မယားကနဲနဲဆန်းတယ် ဘာဖြစ်လို့လဲဆိုတော့ ကလေးအဖေက ၁၃နှစ် နဲ့ ကလေးအမေက ၁၅နှစ် တဲ့။သူတို့ကလေးကိုယ်ဝန်စရတဲ့အချိန်က ကလေးအဖေရဲ့ အသက်က ၁၂နှစ် ပဲရှိသေးတယ် ဆိုတော့ ဘယ်လိုပြောရမလဲမသိတော့ဘူး ဒီကောင်တော်တော်စွာတဲ့ကောင် လို့ပဲပြောရမလား။ နဲနဲတော့အံ့သြနေတယ်။ဘယ်လိုပြောရမှန်းတော့မသိဘူး။
ဒါပေမဲ့ ဒီကမ္ဘာကြီးပေါ်မှာ မကြာခဏဒီလိုသတင်းတွေကြားရတတ်တာ သိပ်မထူးဆန်းတော့ပါဘူး။ကျွန်တော်စဉ်းစားမိတာက အသက်၃၄နှစ်အရွယ်ရောက်တဲ့ ယောက်င်္ကျားတွေကို ဆင်းရဲတဲ့အသက် ၁၀၀ကျော်မိန်းမ(အဖွားအို)ကြီးတစ်ယောက်နဲ့ ပေးစားမယ်ဆိုရင် ယူပါမယ်လို့ လက်ခံမဲ့လူ ရှိမယ်မထင်ဘူး။
ကျွန်တော်တို့ ၁၂နှစ်အရွယ်တုန်းကဆို ဟိုဟိုဒီဒီကိစ္စတွေ ဆိုတာဘယ်လိုမှမစဉ်းစားမိခဲ့တာပါ။ကျောင်းသွားကျောင်းပြန်မယ် ကစားမယ်
အိပ်မယ်စားမယ်။ဒါလောက်ပဲသိခဲ့တာပါ။အဲဒါကြောင့် ကျွန်တော်တို့လူမျိုးတွေ ခေတ်နောက်ကျကျန်နေတာတော့ မဖြစ်လေတန်ဘူး။
ဒီနေ့ မိတ်ဆွေတစ်ယောက် ကခြေစွယ်ငုပ်လို့ ဆိုပြီးလာညည်းပြနေတယ်။ခြေစွယ် လက်စွယ်ငုပ်ရင် တော်တော်ခံရ ဆိုးတာဆိုတော့
ကျွန်တော့်အသိတစ်ယောက်ပေးထားတဲ့ဆေးနည်းလေး ပြောပြပေးလိုက်တယ်။အဆင်ပြေမယ်ထင်ပါတယ်။
ကျွန်တော့်အမြင်ပြောရရင် ခြေစွယ် သို့ လက်စွယ်ငုပ်တယ်ဆိုတာ ခြေသည်းလက်သည်းတွေဟာ အခွံမာကြောလာပြီး ဘေးအစွန်နှစ်ဖက် သို့ တစ်ဖက်က အတွင်းဖက်ကိုကုပ်ဝင်လာပြီး အသားထဲကို ပြန်စိုက်ဝင်သွားတာပါ။ အသားထဲကို ဝင်သွားပြီဆိုရင် အရမ်းကိုနာတာပေါ့ဗျာ။အခန့်မသင့်ရင် ပြည်တွေဘာတွေတည် လာပြီးနေရထိုင်ရတာကစပြီးတော်တော် ကသိကအောက် နိုင်ပါတယ်။
ခြေစွယ် သို့ လက်စွယ်ငုပ်နေရင်ပဲဖြစ်ဖြစ် လက်သည်းခြေသည်း ထောင့်အစွန်ကနာလာရင်ပဲဖြစ်ဖြစ် အချွန်အတက်တွေနဲ့ မထိုးမဆွပါနဲ့
အသားထပ်နာပါတယ်။လွယ်လွယ်လေးပါ ဒီလိုလုပ် ခြေသည်းလက်သည်းအခွံအလယ်လောက်ကို အရင်းကနေအဖျားထိ
ကို ဒါး သို့ ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ခြစ်ပေးပါ။ခြေသည်းလက်သည်းခွံ အလယ်ကြောမှာထူနေတဲ့ အခွံကိုပါးသွားအောင်ခြစ်ထုတ်ရုံ သာခြစ်ပေးရပါမယ်။
ချက်ချင်းကြီးတော့ မပျောက်ဘူးပေါ့ဗျာ။တစ်ရက် ဒါမှမဟုတ် အလွန်ဆုံး နှစ်ရက်ထဲပါ။ဘာဖြစ်လို့လည်းဆိုတော့ ကုပ်ဝင်နေတဲ့ ခြေသည်းလက်သည်းဟာ အလယ်ကြောကို ခြစ်ထုတ်လိုက်တဲ့အတွက် ဘေးအစွန်နှစ်ဖက်လည်းဆက်ပြီး ကုပ်မဝင်နိုင်တော့ဘဲ ဘေးဖက်ကို ပြန်ကားထွက်လာဖို့အတွက် အချိန်နဲနဲ ပေးထားရတာပေါ့။စိတ်သာချ ပျောက်ကိုပျောက်ရမယ်။
မှတ်ချက်။ ။ပြောရမှာအားတော့နာတယ်။ကျွန်တော်ထင်တာတော့ နဲနဲညစ်ပတ်တဲ့လူတွေက ခြေစွယ်လက်စွယ်ငုပ်တာအဖြစ်များသလိုပဲ။
၂၀၀၇ခုနှစ် နှစ်ဝက်လောက်မှာ ဂျာနယ်တွေစာစောင်တွေဖတ်ရင်း ဘလော့ဂါဆိုတာကိုသွားတွေ့ တယ်။မြန်မာနိုင်ငံမှာဘလော့ဂါကို လူတွေစိတ်ဝင်စားလာကြပြီး တဖြည်းဖြည်းလူသုံးများကြတယ်လို့ ရေးထားတော့ကျွန်တော်လည်းစိတ်ဝင်စား သွားတယ်။ဘလော့ဂါ ဘာလဲဘယ်လဲ ပေါ့ဗျာ။
ဒါပေမဲ့ပေါ့လေ အင်တာနက်ဆိုတာ ကြီးကိုတောင် ဘာမှန်းမသိသေးတဲ့အချိန် အီးမေးလ်ကိုတောင် ညီမတစ်ယောက်က အကောင့်ဖွင့်ပေးထားလို့ အီးမေးလ်တစ်ခုတော့ရှိနေပြီပေါ့ဗျာ။ကိုယ့်အီးမေးလ်ကို ဖွင့်ကြည့်ချင်ယင် ဘာကိုဘယ်လိုစလုပ်ရမှန်းမသိလို့ ဆရာတစ်ယောက် ရှာထားရတာပေါ့ဗျာ။
ကျွန်တော့်ဆရာသမားကလည်း အင်တာနက်သုံးပြီဆိုရင် အီးမေးလ်လေးဖွင့်ကြည့် ပြီးရင်ပြန်ပိတ် ဟိုဂျာနယ်ဒီဂျာနယ်လေးဖတ်ပြီး ပြန်လာတာ။ကျွန်တော်တို့က ကွန်ပြူတာအပိုင်မရှိဘူးလေဗျာ။တစ်ရက်တော့ အင်တာနက်သုံးနေရင်း ကျွန်တော့်ဆရာသမားကိုမေးကြည့်တယ် ဘလော့ဂါဆိုတာဘာလဲဘယ်လဲ ပေါ့။
ကျွန်တော့်ဆရာသမားက ဘလော့ဂါဆိုတာလွယ်လွယ်လေးပါ ဒီမှာကြည့်ဆိုပြီး ကျွန်တော့်အီးမေးလ်နဲ့ ဘလော့ဖွင့်ပေးတယ်။ ဘလော့ခေါင်းစဉ်နေရာမှာ ခေါင်းစဉ်ဒီလိုထည့်ရတယ်ဆိုပြီး ဘာထည့်တယ်ထင်ပါသလဲ။ i want job တဲ့ အဲဒါကျွန်တော့်ရဲ့ ပထမဆုံး ဘလော့ပါပဲဗျာ။(ခုမှရှက်လိုက်တာဗျာ) အထဲမှာဘာတွေရှိတယ် ဘယ်လိုလုပ်ရတယ်ဆိုတာ ဆရာသမားက မသိတော့ ကျွန်တော်လဲမသိတော့ဘူးပေါ့။စိတ်ထဲမှာတော့ ဘလော့ဂါဆိုတာ ဘာမှမထူးဆန်းပါလားလို့ တွေးမိနေတာ။ဘာပဲဖြစ်ဖြစ် ဒီဆရာသမားအစပျိုးသင်ပေးခဲ့လို့ အင်တာနက်ကို သုံးတတ်လာတာပါ။
အဲဒီလိုနဲ့ဘလော့ဂါကိုပြန်မေ့သွားရော။တစ်နေ့အင်တာနက်သုံးနေရင်း ဘလော့တွေအများကြီး စီထားတဲ့နေရာတစ်ခုကို ရောက်သွားပါလေရော။ဖတ်ကြည့်အုံးမှ ဆိုပြီးတစ်ခုဖွင့်လိုက်တော့ ဖတ်မရဘူးဖြစ်နေတယ်၊အဲဒီအချိန်မှာ ကျွန်တော်က မြန်မာစာဖောင့် မယူတတ်သေးဘူးဗျ။အောက်ဆုံးကဘလော့ကိုစဖတ်မယ်ဆိုပြီး ဖွင့်လိုက်တော့ ဖတ်လို့ရပါလေရောဗျာ။အဲဒီဘလော့ကနေပြီး လင့်ချိတ်ထားတဲ့ ဘလော့တစ်ခုကိုဝင်လိုက်တော့လည်း ဖတ်လို့ရပြန်ရော။အဲဒီဘလော့နှစ်ခုဖတ်ပြီး တော်တော်သဘောကျသွားတယ်၊ ငါဘလော့လုပ်တုန်းကနဲ့ တစ်ခြားစီပါလား လို့လဲစဉ်းစားမိတယ်။အဲဒီအချိန်ကစပြီး ဘလော့လုပ်ချင်စိတ်ပေါက် လာတော့တာပဲ၊ ကျွန်တော့်ကိုဘလော့ဂါဖြစ်ချင်စိတ်ပေါက်လာစေတဲ့ အဲဒီဘလော့နှစ်ခုကတော့ s0wha1 နဲ့ ကိုထိုက်မင်း တို့ဘလော့တွေပါ။
ဘလော့ကိုဘယ်ကဘယ်လို စလုပ်ရမလဲဆိုတာ လိုက်မေးကြည့်ရတာပေါ့၊ဆရာသမားကလည်း မရှိတော့ဘူး ဘယ်သူ့ကိုမှလည်းမေးလို့မရဘူး။ကံကောင်းထောက်မစွာလား ကံဆိုးတာလားတော့မသိဘူး ကိုစေတန်ဂေါ့ ရဲ့ Making myanmar Blogဆိုတဲ့ဖိုင်လေးကို ညီမတစ်ယောက်ကပို့ပေးလို့ရလိုက်တယ်။ဒါပေမဲ့မလုပ်တတ်သေးဘူး ဆရာရှာရတာပေါ့ဗျာ။ ရှာတွေ့တဲ့ဆရာသမားကလည်း ဘလော့မလုပ်တတ်တော့ နှစ်ယောက်ပေါင်းပြီး ကြိုးစားကြည့်ရတာပေါ့။ eot ဆိုတာကိုဆရာသမားကလည်း မသိတော့ အဲဒီအဆင့်ကိုကျော် ပြီးတော့လုပ်ရတာပေါ့။ကိုယ့်ဘလော့ကလည်း မြန်မာစာဖောင့် မယူရင်ကြည့်လို့မရဘူး။ကျွန်တော်လည်း အဲဒီတော့မှ မြန်မာစာဖောင့် ကိုဘယ်လို install လုပ်ရမယ်ဆိုတာ သိတော့တယ်။
ပထမဆုံးစလုပ်တဲ့ ဘလော့က သိပ်အဆင်မပြေသေးဘူး။ဘလော့ဂါကပေးထားတဲ့ တန်းပလိတ်ကို ယူထားတာဆိုတော့ သိပ်မလှသလိုပဲ၊ ခေါင်းစည်းပုံလည်း စစ်သူကြီးပုံလိုလိုဘာလိုလို နဲ့ဆိုတော့ကိုယ့်ဘလော့ကိုပြန်ဖျက်ပစ်လိုက်တယ်။တန်းပလိတ် အသစ်တစ်ခုလိုက်ရှာပြီး ဒီဘလော့လေးကိုအစပျိုး လိုက်တာပေါ့။ကိုမင်းကျော် ရဲ့တန်းပလိတ်နဲ့တူနေတဲ့ အတွက်တော့ ကိုမင်းကျော်ကို တောင်းပန်ပါတယ်။ကွန်ပြူတာမရှိတဲ့ ဘလော့ဂါဆိုတော့ ဘာမှတင်စရာမရှိတော့ လှတဲ့တန်းပလိတ် တွေကိုပဲ ရှာတင်ထားရတာပေါ့။ ခုမှစာနဲနဲပါးပါး စမ်းရေးနေရတာ။၂၀၀၈ ခုနှစ်ဝက်ကျော်လောက်မှပဲ ဘလော့လေးက နဲနဲအထိုင်ကျလာတယ်။
ကျွန်တော်ပထမဆုံးနဲ့အများဆုံးသွားလေ့လာခဲ့တဲ့ ဘလော့က ကိုညီလင်းဆက် ရဲ့ဘလော့ပါ။အဲဒီလိုနဲ့ ဘလော့အတွက် လုပ်ချင်တာတွေဘယ်လိုလုပ်ရမှန်း မသိလို့ ဟိုရှာဒီရှာ လုပ်ရင်း mmbloggershelpdesk ဆိုတဲ့ဘလော့ကို ရောက်သွားတာပေါ့။အဲဒီဘလော့ကနေ လိုချင်တာတွေယူရတာပေါ့။ဒါပေမဲ့ အဲဒီဘလော့မှာ ကျေးဇူးတင်စကားလေးတောင် သွားမပြောရသေးဘူးဗျာ။သွားတော့သွားရအုံးမယ်။
ကျွန်တော်အများဆုံး လေ့လာခဲ့ရတာကတော့ ကိုရန်အောင် နဲ့ ကိုမင်းကျော် တို့ဆီကပါ။နောက်ထပ်လည်း သူတို့ဆီက အများကြီးလေ့လာရအုံးမယ်။ကျွန်တော့်ဘလော့ရဲ့ ဘေးဖက်မှာရှိတဲ့ မြန်မာဘလော့ဂါများလေ့လာရန်ဆိုတဲ့ခေါင်းစဉ်အောက်က လင့်တွေက ကျွန်တော်လေ့လာခဲ့တဲ့နေရာတွေနဲ့ ကျွန်တော့်ဆရာသမားများရဲ့ နေရာတွေပါ။တကယ်တော်တဲ့ လူတွေပေါ့ဗျာ။ကျန်နေခဲ့တဲ့ဆရာမားတွေရဲ့ ဘလော့လင့်တွေလည်း ရှိနေအုံးမှာ နောက်မှပြန်ရှာပြီးတင်ရမယ်။ ကြောက်လို့ မတင်ရဲတဲ့ ဆရာသမားတွေရဲ့ ဘလော့တွေလည်းရှိပါတယ်။နိုင်ငံရေးဘလော့ဂါကို မလေးရှားအစိုးရကလည်း ဖမ်းပါတယ်ဗျာ သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ကိုနေဘုန်းလတ် ရဲ့သတင်းကိုလည်းဘလော့တွေထဲမှာ ဖတ်ဖူးကြားဖူးပါတယ်။မြန်မာဘလော့ဂါဆိုတာနဲ့ ကိုနေဘုန်းလတ်ကို အရင်ဆုံး ပြေးမြင်ယောင်မိတယ်။လောလောဆယ်ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဘလော့ဂါဆိုလို့ သားကြီး တစ်ယောက်ပဲရှိပါသေးတယ်။
ကျွန်တော်ပြောချင်တာက ကွန်ပြူတာ မရှိသေးလဲ ဘလော့လုပ်ချင်စိတ်ရှိရင် လုပ်လို့ရပါတယ်။ ပို့စ်တော့မတင်နိုင်သေးဘူးပေါ့ဗျာ။
ကျွန်တော်လည်း ကွန်ပြူတာမရှိဘဲ ဘလော့လုပ်ထားတာပါ။လုပ်ချင်စိတ်လေးပဲလိုပါတယ်။ အွန်လိုင်းမှာ ဖွန်ကြောင်နေတာနဲ့စာရင်အများကြီးသာပါတယ်(သက်ဆိုင်သူများသိပါတယ်)။ ရင်ထဲမှာရှိတာလေးတွေကို ရေးထားလို့ရတာပေါ့။အမှန်ကိုအမှန်အတိုင်း ရေးကြတာဆိုရင်တော့ ပိုကောင်းပါမယ်။ဘလော့ဂါတွေနေရာအစုံရှိရင် နေရာစုံက သတင်းမှန်တွေကို ချက်ချင်းသိနိုင်တာပေါ့။ဘလော့ဂါတွေကြောင့် အိန္ဒိယမှာအကြမ်းဖက်တာတို့ ဂါဇာမှာ အစ္စရေးကလူတွေသတ်နေတာတွေကို ဘလော့သတင်းတွေကနေ ချက်ချင်းသိနေရတာပါ။အဲဒါမှ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဘယ်နေရာမှာ အကူအညီတွေလိုနေတယ်ဆိုတာ ဘလော့ဖတ်သူတွေ ကိုယ်တိုင်ဆုံးဖြတ်နိုင်တာပေါ့။ မသိစေချင်ရင်တော့လည်း တစ်မျိုးပေါ့ဗျာ။ကျွန်တော်တွေ့တာတော့ ဘလော့ဂါ အများစုက အမှန်တရားဖက်က ရပ်တည်နေကြတာပဲ။အမှန်တရားဖက်ကရပ်တည် သင့်တယ်လို့ လည်းထင်ပါတယ်။(ကျွန်တော်ရေးတာ နိုင်ငံရေးမပါဘူးနော်)။စွတ်ရွတ်ရေးလို့တော့ မရဘူးလေဗျာ တို့အစိုးရက ရိုးရာအပျက်ခံမှာ မဟုတ်ဘူး။ ။
တစ်ခါတစ်လေ လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်နေရာရာမှာ လူလေး၊ငါးယောက်လောက်နဲ့ အတူတူ မုန့်ပဲဖြစ်ဖြစ် စားစရာတစ်ခုခုကို စားဘူးကြမယ်ထင်ပါတယ်။ကိုယ်နဲ့အတူ မုန့်အတူစားတဲ့လူတွေဟာ ပြောမနာဆိုမနာငယ်သူငယ်ချင်းတွေဆိုရင် ဘာမှမထူးခြားပေမဲ့ သာမန်ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အတူစားတယ်ဆိုရင် သတိထာပြီးလေ့လာကြည့်ပါ။လူတွေရဲ့ အတွင်းစိတ်ကို ပါးပါးလေးတွေရပါလိမ့်မယ်။
ကျွန်တော်တို့သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ကြတဲ့အခါ ဆိုင်ကရောင်းတဲ့ မုန့်ကိုစားလေ့စားထမရှိပါဘူး။တစ်ခုခုစားချင်ရင် တစ်ခြားဆိုင်ကမုန့်ကိုဝယ်လာပြီး စားကြတာပါ။မုန့်စားပါများလာတော့ မုန့်ကုန်ခါနီးတိုင်းပြောကြတဲ့စကားတွေကို သတိထားမိလာတယ်။ များသောအားဖြင့် မုန့်တစ်ခုတည်းကျန်တဲ့အချိန်တွေမှာပိုသတိထားမိတယ်။
ကျွန်တော်ကတော့ မဆာတတ်တဲ့လူဆိုတော့ "ငါတော့ဝပြီ မစားတော့ဘူး"ဆိုပြီးပြောလိုက်တယ်။အဲ...ကျွန်တော်စားချင်နေရင်တော့ "တစ်ခုပဲကျန်တော့တယ် ငါစားလိုက်တော့မယ်"လို့ပြောပြီး စားပစ်လိုက်တယ်။ဆက်မစားချင်တော့တဲ့လူတွေက မစားတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောပေမဲ့ ကျန်နေသေးတဲ့ တစ်ခုကိုစားချင်တဲ့လူတွေက ဘာပြောမယ်ထင်ပါသလဲ။
'စားကြလေ ဒီမှာမုန့်တစ်ခုကျန်သေးတယ်'လို့တစ်ယောက်က ပြောလာရင် မစားချင်တော့တဲ့ သူတွေက 'တော်ပြီတော်ပြီ' 'ဝပြီ မစားတော့ဘူး'လို့ ဖြေကြတယ်။'နေပါစေ' 'စားပါဗျာ' လို့ပြန်ဖြေလာရင်တော့ မေးတဲ့လူကလည်းစားချင်နေတယ် ဖြေတဲ့လူကလည်း စားချင်နေတာကို ရဲရဲမပြောဘဲဝေ့ဝိုက်ပြီးပြောနေကြတာ၊ဘယ်သူမှမစားတော့မှ မေးတဲ့လူက 'တစ်ခုတည်းကျန်နေတာ နှမြောစရာကြီး စားပစ်လိုက်မှ'ဆိုပြီး မကောင်းတတ်လို့ စားရတဲ့ပုံစံမျိုးနဲ့စားပါလေရော။တကယ်တမ်းစား မဲ့လူရှိနေရင်လည်း တစ်ဝက်တော့ ယူစားလိုက်သေးတယ်။
တစ်ခါတစ်လေကျတော့လည်း စားချင်နေတဲ့လူက 'မစားကြတော့ဘူးလား ဒီမှာတစ်ခုကျန်သေးတယ်' လို့တစ်ခါတည်း အဖြေရကျပ်အောင် ပိတ်မေးတတ်ပါသေးတယ်။ကျွန်တော်ဝယ်လာတဲ့မုန့် ဆိုရင်သာ ဒီလိုမျိုးပြောဆိုပြီးမှ ဝအောင်စားကြတာ။
သူတို့ဝယ်လာလို့ကတော့.....။
ကျွန်တော့်ပတ်ဝန်းကျင်မှာ ဒီလိုသူငယ်ချင်းတွေ တော်တော်အများသားဗျ။သူတို့ပြောတာဆိုတာတွေ နားထောင်ပြီး တော်တော်ရီရတယ် ဗျ။ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြပဲသွယ်ဝိုက်ပြီး ပြောနေကြတယ်။မုန့်စားတဲ့နေရာမှာ ဒီလိုဖြစ်နေရင် ဒီထက်တန်ဖိုးကြီးတဲ့ ကိစ္စတွေဆိုရင် ဘယ်လိုပြောကြမလဲဆိုတာ သိချင်နေတယ်။
စာရေးဆရာမဟုတ်တော့ ကိုယ်ပြောချင်တဲ့ အကြောင်းရာတွေကို နားလည်အောင်မရေးနိုင်တာ နားလည်ပေးပါ။ ။
"ဆုံးရှုံးရသောအချစ်ဖြင့် ဘဝသည်ရင့်ကျက် လာခဲ့ရသည်"လို့ တဂိုးရဲ့ စာစုတွေထဲမှာ ငယ်ငယ်က ဖတ်ခဲ့ဖူးတယ်။အဲဒီအချိန်တုန်းက ၁၅၀၀ မေတ္တာတစ်ခုထဲကိုပဲ ဆိုလိုတယ်လို့ထင်ခဲ့တာ။ဖေဖေကွယ်လွန်တော့မှပဲ ဒီစာစုဟာ ၅၂၈ မေတ္တာကိုပါဆိုလိုမှန်း သိခဲ့ရတယ်။မသေရမဲ့လူဆိုတာလည်းလောကမှာမရှိပါဘူး။လူတွေအားလုံးသေဖို့မွေးလာကြတာပါ။ဒါပေမဲ့ အဖေကွယ်လွန်တော့ ကျွန်တော်ဟာအသက် ပိုကြီးသွားသလိုခံစားရတယ်အဖေ။
အဖေ့အတွက် အမှတ်တရအနေနဲ့ ကျွန်တော် ၄ နှစ်ကျော်ထားခဲ့တဲ့ ခါးထိရောက်နေတဲ့ ဆံပင်ကိုပဲ အဖေ့ရက်လည်တဲ့ဒီနေ့မှာ ညှပ်ပစ်လိုက်ပါတယ်။ကျွန်တော်ဆီမှာ ကျွန်တော်တန်ဖိုးအထားဆုံးအရာ၊သံယောဇဉ်အရှိဆုံး အရာဆိုလို့ အဲဒီဆံပင်ပဲရှိပါတယ်။
သားသမီးတွေအပေါ်ကောင်းတဲ့ အဖေဆိုတော့လည်းသားဖြစ်တဲ့ ကျွန်တော်ကခံစားရတာပေါ့ဗျာ။လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်က ကျွန်တော့်အဖေဟာ ပြည်နယ်အဆင့်အရာရှိ အနေနဲ့ ပြည်နယ်တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။အဲဒီပြည်နယ်မှာ နှစ်နှစ်ကျော်လောက်ကြာ တဲ့အခါ တိုင်းတစ်တိုင်း,တိုင်းကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ ရုံးချုပ်ကို အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ ပြန်လည်ပြောင်းရွှေ့ခွင့်မရခဲ့ပါဘူး။အဲဒီကစပြီး ကျွန်တော့်အဖေဟာ အနုနည်းနဲ့ ဆန္ဒပြပါတယ်။သူ့ဆန္ဒပြပုံကတစ်မျိုး ပြောင်းရွှေ့ခွင့်မရမချင်း ဆံပင်မညှပ်ပဲ နေတော့တာပါ။
ဒီလိုဆန္ဒပြနေတာ ကိုဘယ်သူမှ မသိပါဘူး။ကျွန်တော်တို့ မိသားစုနဲ့ညွှန်/ချုပ် ကိုပဲအသိပေးခဲ့တာပါ။
အဲဒီလိုနဲ့ ဆံပင်က ပုခုံးကိုထိလာတဲ့အထိ ပြောင်းရွှေ့ခွင့်မရသေးပါဘူး။စဉ်းစားကြည့်ပေါ့ဗျာ ပြည်နယ်အဆင့် အရာရှိတစ်ယောက်က ဆံပင်အရှည်နဲ့ဆိုတော့ တော်တောအကြည့်ရ ဆိုးတာပေါ့ဗျာ။အားလုံးကဆံပင်ညှပ်ဖို့ပြောပေမဲ့ ခေါင်းမာသလားမမေးနဲ့ လုံးဝကိုမညှပ်ပါဘူးဗျာ။ဆံပင်ရှည် စထားတဲ့ အချိန်ကစပြီး အနည်းဆုံး တစ်လတစ်ခါပြန်နေကျ ကျွန်တော်တို့နေတဲ ဇာတိရပ်ရွာကိုတောင်
မပြန်တော့ဘူး။အဖေ ပြန်မလာတော့ ကျွန်တော်တို့ မိသားစုက လိုက်သွားရတာပေါ့။ဘာဖြစ်လို့မပြန်သလဲ ဆိုတော့ ဇာတိရပ်ရွာကိုပြန်ရင် ငယ်နိုင်တွေ ရှိနေတယ်လေ။ဥပမာ ငယ်ဆရာ/မတို့ ကိုးကွယ်နေတဲ့ဆရာတော်ဘုန်းကြီးတို့ ပေါ့ဗျာ။ငယ်နိုင်တွေဆိုတဲ့အတိုင်း ငယ်ငယ်ထဲက နိုင်ခဲ့တာဆိုတော့ ဆံပင်အတင်းညှပ်ပေးမှာစိုးလို့မပြန်တော့တာပါ။ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကျေးဇူးရှိခဲ့ဘူးတဲ့ ငယ်နိုင်တွေဟာ ကိုယ့်ရဲ့ဇာတိဒေသမှာ ရှိကြစမြဲပါ။
အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ညီမဘွဲ့ယူရမဲ့အချိန် ရောက်လာပါလေရောဗျာ။ဘွဲ့ယူတာကို လိုက်မယ်ဆိုရင် ဆံပင်ကိုညှပ် မှဖြစ်မယ်လေ။ဆံပင်အရှည်ကြီးနဲ့လိုက်မယ်ဆိုရင်လည်း လူလယ်ခေါင်မှာသမီးဖြစ်သူ အရှက်ရစရာပေါ့။စဉ်းစားကြည့်ပေါ့ဗျာ အဲဒီအချိန်မှာ ကျွန်တော့်အဖေ တော်တော်ခေါင်းစားသွားမယ်၊တစ်ဖက်ကလည်းသမီး တစ်ဖက်ကလည်း ရာထူးအပြောင်းအရွေ့ အတွက်တိုက်ပွဲဝင်နေတာ။ဒါပေမဲ့ ကျွန်တော်အဖေဟာသားသမီးကိုပဲ ဦးစားပေးခဲ့ပါတယ်။သမီးဘွဲ့ယူတာလိုက်ဖို့ အတွက်ဆံပင်ကိုညှပ်လိုက်ပြီး၊တစ်ခြားတစ်ဖက်ကိုအလျှော့ပေးလိုက်ပါတယ်။
အဖေဟာ သူ့ရဲ့ဝန်ထမ်းလစာလေးနဲ့ သားသမီတွေမျက်နှာ မငယ်ဖို့ ဘယ်လောက်ကြိုးစားရုန်းကန်ခဲ့တယ် ဆိုတာအဖေကွယ်လွန်တော့မှပဲ ပိုနားလည်လာရတာပါအဖေ။ကိုယ့်ထက်လစာနည်းတဲ့ အဖေ့လစာကိုပဲ ဝိုင်းသုံးခဲ့ကြတယ်။
ဒီနေ့ ကျွန်တော့်ဖေဖေ ဆုံးတဲ့၇ရက်မြောက်ရက်လည် ဆွမ်းသွပ်ကို အိမ်မှာလုပ်ကြတယ်။တစ်ပတ်လုံးလည်း အိမ်မှာဘုန်ကြီးပင့် တရားနာပြီ အဖေ့တွက်အမျှ ပေးဝေကြတယ်။ကျွန်တော်လည်း ဒီမလေးရှားက ဘုန်ကြီကျောင်းတစ်ကျောင်းမှာ တစ်ပတ်လုံး အာရုဏ်ဆွမ်း ကပ်ပြီး ရက်လည်ကိုလည်း ဘုန်းကြီးဆွမ်းကပ်ပြီး အဖေ့အတွက်အလှူအတန်းလုပ် ပါတယ်။အဲဒီကုသိုလ်အားလုံးရဲ့အဖို့အစုကို ဖေဖေရောက်ရာဘုံဘဝက သာဓုခေါ်ဆိုနိုင်ပါစေ အဖေ။
တစ်ကယ်တမ်းတော့ ကျွန်တော်ဟာ သေမှငိုတဲ့ သားမျိုးပါအဖေ။ ။
အဖေလည်း ကျွန်တော်တို့ဆီ ဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်တော့ဘူး။ ။
ကျွန်တော့် အဖေတော့ ဒီနေ့ကွယ်လွန်သွားရှာပြီ။လွန်ခဲ့တဲ့ လအနည်းလောက်ကလည်း အမေ့ညီမ အဒေါ်တစ်ယောက်ကွယ်လွန်
ခဲ့သေးတယ်။ဒါပေမဲ့ အဲဒီအချိန်တွေမှာ ကျွန်တော်ကမိသားစုနဲ့ အရမ်းဝေးကွာတဲ့နေရာ တစ်ခုမှာ ရောက်နေခဲ့တော့ ဘာမှလုပ်မပေးနိုင်
ခဲ့ဘူး။
ဒီလိုအချိန်တွေမှာ အကြီးဆုံး သားတစ်ယောက်အနေနဲ့ မိသားစုအနားမှာ ရှိနေသင့်တယ်လို့ ထင်တာပဲ။ကျွန်တော်က လည်း အကြောင်းကြောင်းကြောင့် ဘယ်လိုမှပြန်လို့ မရသေးဘူး။အားလုံးအဆင်ပြေပြေ ပြီးဆုံးသွားပါစေလို့ပဲ ဆုတောင်းနေရုံကလွဲပြီး
ဘာမှမတတ်နိုင်ခဲ့ဘူးပေါ့ဗျာ။blogger တစ်ယောက်ဖြစ်နေတော့ ရင်ထဲရှိတာကို အမှတ်တရအနေနဲ့ post လေးတော့ တင်ထားခွင့် ရတာပေါ့ဗျာ။
ကျွန်တော် နိုင်ငံခြားကိုရောက်နေတာ ၅နှစ်ကျော်နေပြီ ကျွန်တော့်အဖေနဲ့ ဖုန်း၂ခါပဲပြောခဲ့ရတယ်။အွန်လိုင်းမှာလည်း မတွေ့ခဲ့ရဘူး။အွန်လိုင်းမှာ အမေနဲ့တော့ တစ်ခါတွေ့ရသေးတယ်။ညီ,ညီမတွေနဲ့တော့ အွန်လိုင်းမှာ အမြဲတွေ့နေရတယ်။
ခုအချိန်ကစပြီး ကျွန်တော့်ကို လမ်းညွှန်ဆုံမလမ်းပြမဲ့လူ ထောက်ပံ့အားပေးမဲ့သူ ကျွန်တော်တို့မိသားစုရဲ့ မဟာတံတိုင်းကြီးပြိုလဲသွားပြီ။
အဖေ့အတွက်တော့ အေးချမ်းရာ နေရာတစ်ခုကို ရောက်သွားမယ်လို့မျှော်လင့်ပါတယ်။
ကျွန်တော်ရဲ့ဘဝလမ်းတစ်လျှောက်မှာ အဖေ့ကြောင့် ဘယ်တုန်းကမှ မျက်နှာမငယ်ခဲ့ရဘူး။အဖေက ဝန်ထမ်းဆိုပေမယ် လာဘ်မစားတဲ့
အတွက် လူအများရှေ့မှာ ငါ့အဖေလာဘ်မစားဘူးကွလို့ ရဲရဲတင်းတင်း ပြောရဲခဲ့တဲ့အတွက် အဖေ့ကိုအမြဲကျေဇူးတင်နေမှာပါ။ငွေကြေးချမ်းသာတာထက် ဂုဏ်သိက္ခာကိုပဲ ကျွန်တော်လည်း တန်ဖိုးထားပါတယ်အဖေ.....
အဖေဖြစ်စေ ချင်တဲ့အတိုင်း အမှန်တရားဖက်မှာအမြဲ ရှိနေမှာပါ.....
အဖေ့ရဲ စာအုပ်စင်ကြီးကလည်း ကျွန်တော့်ကိုရင့်ကျက် စေခဲ့ပါတယ် အဖေ.....
ကျွန်တော်တို့ရဲ့နောက်ကွယ်ကရပ်တည်ပြီး ယုံကြည်မှုတွေကို ခိုင်မြဲစေခဲ့တဲ့အဖေ.....
နောက်ပိုင်းကိစ္စတွေကို စိတ်ချပြီး သာသွားပါတော့အဖေ.....
လူဆိုတာ သေမျိုးတွေပါ၊မွေးလာထဲက တစ်နေ့သေကြရမှာ ဆိုတော့ဒါဟာအဆန်းတော့ မဟုတ်ပါဘူး။ဒါပေမဲ့ ကျွန်တော့်အဖေ သေခါနီးမှာ စိတ်မှဖြောင့်ရဲ့လား။ကျွန်တော်တို့မိသားစုအပေါ် တာဝန်ကျေခဲ့တဲ့ ကျွန်တော်တို့ရဲ့ အဖေ ကောင်းရာသုကတိလားပါစေ။တစ်နေ့နေ့မှာ ကျွန်တော်လည်း အဖေ့နောက် လိုက်ခဲ့ရမှာပါ။
ဘာပဲဖြစ်ဖြစ် တကယ်တွေးကြည့်တော့ ကျွန်တော်တို့ မိသားစုအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပေါ့ဗျာ.....
ကျွန်တော်တို့နိုင်ငံမှာ လက်ဖက်ရည်ဆိုင်ကို လူငယ်တော်တော်များများထိုင်ကြတာပါ။များတာမှ တော်တော့်ကိုများတာ။ထိုင်မိပြီဆိုရင်လည်း လူငယ်ဘာဝငြင်းကြခုန်ကြ ကောင်မလေးတွေအကြောင်းပြောကြဆိုကြ။ဆွေးနွေးပွဲလေးတွေလုပ်ကြ။ပျော်စရာတော့အကောင်းသားဗျ။
ကျွန်တော်တို့လည်း ဒီအရွယ်ကို ဖြတ်သန်းလာတဲ့သူတွေဆိုတော့ အမှတ်တရလေးတွေရှိတာပေါ့ဗျာ။အမှတ်တရရှိနေတဲ့ အတွေ့အကြုံလေးတွေကို အမှတ်တရရှိနေအောင်လို့ post အနေနဲ့တင်ထားလိုက်တာပါ။
ကျွန်တော်နေတဲ့ နယ်မြို့လေးမှာက အချိန်အားရင် သွားစရာဆိုလို့ လက်ဖက်ရည်ဆိုင်၊အရက်ဆိုင်၊ထန်းရည်ဆိုင် နဲ့ ဗွီဒီယိုရုံ လောက်ပဲရှိတာ။ကျွန်တော်တို့ သူငယ်ချင်တစ်ဖွဲ့လုံး အချိန်အားတာနဲ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အားရပါးရ ဝေဖန်ရေးနဲ့လေကန်ရေး လုပ်တော့တာပေါ့။ကံဆိုးတဲ့ ကောင်မလေးတစ်ယောက်ယောက် လက်ဖက်ရည်ဆိုင်ရှေ့ဖြတ်မိလို့ကတော့ အဲဒီကောင်မလေးရဲ့ အင်ဖော်မေးရှင်း တွေအကုန်ကြားရတော့တာပဲ။သူငယ်ချင်ထဲက တစ်ယောက်ယောက်နှမ ဖြတ်သွားရင်တော့ ဘာသံမှမကြားရဘူး။စည်းတော့စောင့်ရတာပေါ့။
ညဖက်မိုးချုပ် လူရှင်းလာလို့ ဝေဖန်စရာမရှိတော့ရင် စကားစရှာပြီးငြင်းကြခုန်ကြပေါ့။ကျွန်တော် ခုထိမှတ်မိနေတဲ့ အငြင်အခုန်လေး တစ်ခုပေါ့ဗျာ၊ကျွန်တော်တို့ထဲက ဘယ်သူငယ်ချင်းက ဘယ်လိုစလိုက်တယ်မသိဘူး။အိမ်ကြက်ချင်းအိုးမဲသုတ်ပြီး တိုက်ရင်ခွပ်တယ် မခွပ်ဘူးနဲ့ ငြင်းကြတာပေါ့။ ငြင်းရင်းခုန်ရင်ကနေပြီး လက်ဖက်ရည်တစ်ဝိုင်းကြေး လောင်းကစားပွဲလေး ဖြစ်သွားရော။အိမ်ကြက်ချင်းအိုးမဲသုတ်ပြီး တိုက်ရင်ခွပ်တယ် ကတစ်ဖွဲ့၊မခွပ်ဘူးကတစ်ဖွဲ့ပေါ့။ဟဲဟဲဟဲ ဘာရမလဲ ကျွန်တော်က ဒိုင်လုပ်တာပေါ့။ဘယ်သူပဲ နိုင်နိုင် ဘယ်သူပဲရှံးရှုံး ကိုယ်က နိုင်ပြီသားပဲ။
ညတွင်ချင်း သူငယ်ချင်းတစ်ယောက်အိမ်က မွေးထားတဲ့ ကြက်ဖလေးနှစ်ကောင် သွားဖမ်းထားတာပေါ့။နှစ်ကောင်စလုံးကလည်း တိုက်ကြက်မျိုးနွယ် အရောင်အဆင်းတူ ညီအစ်ကို နှစ်ကောင်ပေါ့။ကြက်သမားတွေကတော့ ဖောင်းလို့ခေါ်တာပဲ။နောက်နေ့လူစုံမှတိုက်မယ်ဆိုပြီး အချိန်နဲ့နေရာ သတ်မှတ်ပြီး ကိုယ့်အိမ်ကိုပြန်အိပ်ကြတယ်။
နောက်နေ့ ချိန်းထားတဲ့နေရာမှာ လူစုံတော့ ကြက်ဖလေးနှစ်ကောင်ကို အိုးမဲမသုတ်ခင်စမ်းတိုက်ကြည့်တော့ အငယ်ကောင်က ထွက်ထွက်ပြေးတာပေါ့။ကြက်ဖ နှစ်ကောင်စလုံးသေသေချာချာ အိုးမဲသုတ်ပြီးထပ်တိုက်ကြည့်တော့ လုံးဝလုံးဝကိုမခွပ်ပါဘူးဗျာ။အငယ်ကောင်ပဲထွက်ပြေးတာပေါ့။အနိုင်အရှုံး ကတော့အဖြေပေါ်သွားပြီ ကျွန်တော်ကဒိုင်ဆိုတော့ပွဲမစခင် ကတည်းကနိုင်ပြီးသား၊လုံးဝကိုအရှုံးမရှိဘူး။
အလောင်းအစားပွဲပြီးသွားပေမဲ့ ကျွန်တော်တို့သူငယ်ချင်း တစ်ဖွဲ့လုံး ပျင်းနေတော့။အိမ်ကြက်ချင်းမခွပ်ရင် တစ်ခြားနေရာကကြက်နဲ့တိုက်ကြမယ်ဆိုပြီး။ကြက်တိုက်ထွက်ကြတာပေါ့ဗျာ။ကျွန်တော်တို့တစ်ဖွဲ့လုံး ၁၀တန်းဖြေထားတဲ့အချိန် အလုပ်အကိုင်ကလည်းမရှိ မိဘလုပ်စာထိုင်ဖြုန်းတီးနေတဲ့ အချိန်။ရန်ကုန်မှာလို ဘာသင်တန်းညာသင်တန်း မှမရှိတော့ ဒီအတိုင်းအချိန်တွေ ဖြုန်ပစ်နေရတာ ခုမှနှမြောနေမိတယ်။
တစ်ခြားကကြက်နဲ့သွားတိုက်တာဆိုတော့ ရဲဖမ်းခံရမှာလည်းကြောက်ရသေးတယ်။ကျွန်တော်တို့အဖွဲ့ထဲမှာ စခန်းမှူးရဲ့ သားတစ်ယောက်လည်း ပါသေးတယ်ဗျာ။ဒီကောင်ကလည်း ကြက်တိုက်ဖို့ တက်ကြွနေတော့။ကြက်တိုက်ဖြစ်တော့တာပေါ့။
ကံကောင်းထောက်မစွာ ကြက်တိုက်တာလည်းနိုင် ရဲနဲ့လည်း မတွေ့ဘူး။ကျွန်တော်တို့လည်း ကြက်ကိုသူ့အိမ်ပြန်ပို့ပြီး လက်ဖက်ရည်သွားကြမယ် ဆိုပြီးကြက်ကိုပြန်ပို့တော့မှ အိုးမဲသုတ် တိုက်တုန်းကမခွပ်တဲ့ ညီအစ်ကိုကြက်နှစ်ကောင်စလုံး
အသေအလဲ ခွပ်တော့တာပဲ။
ဘာဖြစ်လို့လည်းဆိုတော့ တိုက်လာတဲ့ကြက်က ရေကိုင်ထားတော့ ရေတွေစိုနေတာပေါ့။အဲဒီတော့မှ ကျွန်တော်တို့လည်း အိမ်ကြက်ချင်းတိုက်ချင်ရင် အိုးမဲသုတ်လို့မရဘူး ရေလောင်းတိုက်မှရတယ် ဆိုတာသဘောပေါက်တော့တယ်။ဒါပေမဲ့ ကျွန်တော်တို့လည်း ထပ်ပြီးစမ်းသပ် မကြည့်မိကြတော့ဘူး။
နယ်မြို့လေးတွေမှာနေရတဲ့လူငယ်တွေရဲ့ ဘဝဟာ များသောအားဖြင့် အချိန်တွေကို ဒီအတိုင်းထိုင်ဖြုန်းနေကြရသလိုပါပဲ။ဒါပေမဲ့ ကျွန်တော်တို့တွေဟာ အချိန်တွေကိုဖြုန်းတီးပစ်နေတာကို သတိမထားမိခဲ့ကြဘူး။ကိုယ့်ဖာသာကိုတော့ ကျေနပ်နေခဲ့ကြတာပေါ့။ကျွန်တော်တို့တွေဟာ ဖားကလေးလို ရေတွင်းအပြင်ကိုရောက်တော့မှ လောကကြီးက ကျယ်ပြန့်ပါလားဆိုတာ သတိထားမိကြတာပါ။ ။
စာရေးဆရာမဟုတ်တော့ ကျွန်တော်ရေးထားတာတွေ အစီအစဉ်မကျရင် မိမိဖာသာ အဆင်ပြေအောင် ဖတ်သွားကြပါဗျာ။ ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်ကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ပြီးအလုပ်လုပ် နေကြတဲ့လူတွေ ကျောင်းတက်လာကြ လူတွေအရမ်းကိုများပါတယ်။ ကျွန်တော်စဉ်းစားမိတာက အဲဒီလူတွေ ပြည်ပကိုထွက်ခွာခါနီးမှာ
ဘာတွေ တွေးနေခဲ့ကြသလဲဆိုတာ သိချင်တာပါ။
ဥပမာ ပြောရရင် ကျွန်တော်ပြည်ပကိုထွက်ခွာခါနီး စဉ်စားမိတာက ငါ့နိုင်ငံငါပြန်ရောက်တဲ့အခါ ငါ့မိသားစုဝင်တွေ အားလုံးစုံစုံလင်လင် ပြန်တွေ့ရပါတော့မလားလို့ စဉ်စားခဲ့ဖူးတယ်။အဲဒီလိုပဲ အခြားလူတွေလဲ တစ်ခုခုတော့စဉ်းစားမိခဲ့ကြမယ်ထင်တာပဲ။
တစ်ချို့က မိသားစုတွေရဲ့ဘဝတွေအဆင်ပြေဖို့ ဒီလိုမျိုးကများပါတယ်။တစ်ချို့ကလည်း မိန်းမယူဖို့တဲ့ ဒီလိုလူတွေလည်းရှိတာပဲ။
အဲဒီလူတွေအားလုံး သူတို့ရဲ့ရည်ရွယ်ချက်တွေ ဖြစ်လာမယ်မထင်ဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်မျက်စိရှေ့မှာတင် ဒုက္ခရောက်နေတဲ့
လူတွေကအများသားပဲ။နောက်ပြီး အားသန်ရာ လိုင်းတွေထဲရောက်သွားတဲ့လူတွေလည်း မနဲဘူး။ ဥပမာ အရက်တို့၊မိန်းမလိုက်စားတာတို့
အစုံပေါ့ဗျာ။
နောက်ထပ်စဉ်းစားမိတာက အခုအချိန်မှာ မလေးရှားနိုင်ငံ ကိုအလုပ်လုပ်ဖို့ မလာသင့်သေးဘူးလို့ထင်တယ်၊ကျွန်တော့်အမြင်ပြောရရင်
မလေးရှားနိုင်ငံ ရဲ့စီးပွားရေးအခြေအနေက တော်တော်ကျဆင်းနေတယ်ထင်တာပဲ။စီပွားပျက် ကပ်ကြီးကမလေးရှားနိုင်ငံ ကိုလည်းထိခိုက်တာပေါ့။
မလေးရှားနိုင်ငံက အိန္ဒိယလူမျိုးတွေက လုယက်သူတွေနဲတူပြီး၊ရဲတွေကိုကြည့်ရတာ ဓားပြတွေနဲ့တူနေသလိုပဲ၊ဘာဖြစ်လို့လဲဆိုတော့
အိန္ဒိယလူမျိုးတွေက အုပ်စုဖွဲ့လုယက်မှုတွေကိုကျုးလွန်ကြတယ်၊ရဲတွေက နိုင်ငံခြားသားတွေကို ဖမ်းမိရင် ပိုက်ဆံအတင်းတောင်းတော့
တာပဲ၊အလုပ်လုပ်ခွင့်ပါမစ်ရှိလည်း နဲနဲတော့မရ ရအောင်တောင်းတော့တာပဲ၊တစ်ချို့ စိတ်ညစ်မခံချင်တဲ့လူတွေကတော့ နဲနဲပါးပါးပေးလိုက်ရတာပေါ့၊ တစ်ချို့လူတွေက တစ်ပြားမှမပေးပဲ ပေတေနေရင်တော့ နည်းမျိုးစုံနဲ့ စိတ်ညစ်အောင်လုပ်ပြီး
မရတဲ့အဆုံးမှ ပြန်လွှတ်ပေးလိုက်ကြတာ
အဲ.....မြန်မာသံရုံးအကြောင်းလား.....
အင်း.....နှာစေးနေတယ်.....မစဉ်းစားအားသေးဘူး.....
မှတ်ချက်။ ။ရောက်တတ်ရာရာ ကိုယ့်ဘာသာ စဉ်းစားပြီး လျှောက်ရေးထားတာပါဗျာ။မလေးရှားရောက် တဲ့လူတိုင်းနဲ့တော့အမြင်တူချင်မှတူလိမ့်မယ်။
ဘာ post မှမတင်နိုင်တာ ကြာပြီဆိုတော့ blog လေးလည်း မျက်နှာငယ်နေရတာပေါ့။
ဘာရေးရမှန်းလည်း မသိဘူး လောလောဆယ် ဘာမှရေးစရာလည်း ရှာမရတော့ဘူး၊ဒါပေမဲ့ တစ်ခုခုတော့
ရေးချင်နေတယ်။စိတ်ကူးတည့်ရာ လျှောက်စဉ်းစားရင်း ၂၀၀၇ခုနှစ်တုန်းက လူကြီးတစ်ယောက် ပြောဖူးတဲ့စကား
ကိုသွားသတိရတယ်။
"ငါ့တူ ဝါးတွေပွင့်နေတယ် ရိက္ခာလေးဘာလေး ဝယ်စုထားအုံး တော်ကြာ ရိက္ခာပြတ်နေအုံးမယ်"တဲ့။
ကျွန်တော်ကပြန်မေးတာပေါ့
"ဦးလေးကလည်း ဝါးတွေပွင့်တာနဲ့ ဘာလို့ရိက္ခာဝယ်ထားရမှာလဲ"ဆိုတော့
"မင်း ဝါးပင်တွေက အပွင့် ပွင့်တာမြင်ဖူးလား"တဲ့
ကျွန်တော်လည်း သေသေချာချာ စဉ်းစားကြည့်တော့ ဝါးပင်တွေပွင့်လား မပွင့်လားတစ်ခါမှ စောင့်လည်းမကြည့်ဖူးဘူး။
သတိလည်းမထားမိဘူး။
"အမှတ်တမဲ့ပဲ ဦးလေး" လို့ ပြန်ပြောတော့
"မှတ်ထားငါ့တူ ဝါးပင်တွေ အပွင့် ပွင့်ပြီဆိုရင် နိုင်ငံမှာ ထူးခြားတဲ့ အဖြစ်အပျက် တွေဖြစ်တတ်တယ်"တဲ့
ဟုတ်လားမဟုတ်လား တော့ကျွန်တော်လည်း မသိဘူး။သေချာတာက အခုဝါးပင်တွေ တွေ့တိုင်း ပွင့်လားမပွင့်လား
စောင့်ကြည့်တတ်တဲ့ အကျင့်လေး ပါလာတယ်ဆိုပါတော့။ဒီကိစ္စ ဟုတ်မဟုတ် ကို သိတဲ့လူရှိရင်တော့
ကျွန်တော့်ကို ပြောပြပေးခဲ့ကြပါ။