ကျွန်တော့်ရဲ့ အဖေ


"ဆုံးရှုံးရသောအချစ်ဖြင့် ဘဝသည်ရင့်ကျက် လာခဲ့ရသည်"လို့ တဂိုးရဲ့ စာစုတွေထဲမှာ ငယ်ငယ်က ဖတ်ခဲ့ဖူးတယ်။အဲဒီအချိန်တုန်းက ၁၅၀၀ မေတ္တာတစ်ခုထဲကိုပဲ ဆိုလိုတယ်လို့ထင်ခဲ့တာ။ဖေဖေကွယ်လွန်တော့မှပဲ ဒီစာစုဟာ ၅၂၈ မေတ္တာကိုပါဆိုလိုမှန်း သိခဲ့ရတယ်။မသေရမဲ့လူဆိုတာလည်းလောကမှာမရှိပါဘူး။လူတွေအားလုံးသေဖို့မွေးလာကြတာပါ။ဒါပေမဲ့ အဖေကွယ်လွန်တော့ ကျွန်တော်ဟာအသက် ပိုကြီးသွားသလိုခံစားရတယ်အဖေ။
အဖေ့အတွက် အမှတ်တရအနေနဲ့ ကျွန်တော် ၄ နှစ်ကျော်ထားခဲ့တဲ့ ခါးထိရောက်နေတဲ့ ဆံပင်ကိုပဲ အဖေ့ရက်လည်တဲ့ဒီနေ့မှာ ညှပ်ပစ်လိုက်ပါတယ်။ကျွန်တော်ဆီမှာ ကျွန်တော်တန်ဖိုးအထားဆုံးအရာ၊သံယောဇဉ်အရှိဆုံး အရာဆိုလို့ အဲဒီဆံပင်ပဲရှိပါတယ်။


သားသမီးတွေအပေါ်ကောင်းတဲ့ အဖေဆိုတော့လည်းသားဖြစ်တဲ့ ကျွန်တော်ကခံစားရတာပေါ့ဗျာ။လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်က ကျွန်တော့်အဖေဟာ ပြည်နယ်အဆင့်အရာရှိ အနေနဲ့ ပြည်နယ်တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။အဲဒီပြည်နယ်မှာ နှစ်နှစ်ကျော်လောက်ကြာ တဲ့အခါ တိုင်းတစ်တိုင်း,တိုင်းကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ ရုံးချုပ်ကို အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ ပြန်လည်ပြောင်းရွှေ့ခွင့်မရခဲ့ပါဘူး။အဲဒီကစပြီး ကျွန်တော့်အဖေဟာ အနုနည်းနဲ့ ဆန္ဒပြပါတယ်။သူ့ဆန္ဒပြပုံကတစ်မျိုး ပြောင်းရွှေ့ခွင့်မရမချင်း ဆံပင်မညှပ်ပဲ နေတော့တာပါ။
ဒီလိုဆန္ဒပြနေတာ ကိုဘယ်သူမှ မသိပါဘူး။ကျွန်တော်တို့ မိသားစုနဲ့ညွှန်/ချုပ် ကိုပဲအသိပေးခဲ့တာပါ။
အဲဒီလိုနဲ့ ဆံပင်က ပုခုံးကိုထိလာတဲ့အထိ ပြောင်းရွှေ့ခွင့်မရသေးပါဘူး။စဉ်းစားကြည့်ပေါ့ဗျာ ပြည်နယ်အဆင့် အရာရှိတစ်ယောက်က ဆံပင်အရှည်နဲ့ဆိုတော့ တော်တောအကြည့်ရ ဆိုးတာပေါ့ဗျာ။အားလုံးကဆံပင်ညှပ်ဖို့ပြောပေမဲ့ ခေါင်းမာသလားမမေးနဲ့ လုံးဝကိုမညှပ်ပါဘူးဗျာ။ဆံပင်ရှည် စထားတဲ့ အချိန်ကစပြီး အနည်းဆုံး တစ်လတစ်ခါပြန်နေကျ ကျွန်တော်တို့နေတဲ ဇာတိရပ်ရွာကိုတောင်
မပြန်တော့ဘူး။အဖေ ပြန်မလာတော့ ကျွန်တော်တို့ မိသားစုက လိုက်သွားရတာပေါ့။ဘာဖြစ်လို့မပြန်သလဲ ဆိုတော့ ဇာတိရပ်ရွာကိုပြန်ရင် ငယ်နိုင်တွေ ရှိနေတယ်လေ။ဥပမာ ငယ်ဆရာ/မတို့ ကိုးကွယ်နေတဲ့ဆရာတော်ဘုန်းကြီးတို့ ပေါ့ဗျာ။ငယ်နိုင်တွေဆိုတဲ့အတိုင်း ငယ်ငယ်ထဲက နိုင်ခဲ့တာဆိုတော့ ဆံပင်အတင်းညှပ်ပေးမှာစိုးလို့မပြန်တော့တာပါ။ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကျေးဇူးရှိခဲ့ဘူးတဲ့ ငယ်နိုင်တွေဟာ ကိုယ့်ရဲ့ဇာတိဒေသမှာ ရှိကြစမြဲပါ။
အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ညီမဘွဲ့ယူရမဲ့အချိန် ရောက်လာပါလေရောဗျာ။ဘွဲ့ယူတာကို လိုက်မယ်ဆိုရင် ဆံပင်ကိုညှပ် မှဖြစ်မယ်လေ။ဆံပင်အရှည်ကြီးနဲ့လိုက်မယ်ဆိုရင်လည်း လူလယ်ခေါင်မှာသမီးဖြစ်သူ အရှက်ရစရာပေါ့။စဉ်းစားကြည့်ပေါ့ဗျာ အဲဒီအချိန်မှာ ကျွန်တော့်အဖေ တော်တော်ခေါင်းစားသွားမယ်၊တစ်ဖက်ကလည်းသမီး တစ်ဖက်ကလည်း ရာထူးအပြောင်းအရွေ့ အတွက်တိုက်ပွဲဝင်နေတာ။ဒါပေမဲ့ ကျွန်တော်အဖေဟာသားသမီးကိုပဲ ဦးစားပေးခဲ့ပါတယ်။သမီးဘွဲ့ယူတာလိုက်ဖို့ အတွက်ဆံပင်ကိုညှပ်လိုက်ပြီး၊တစ်ခြားတစ်ဖက်ကိုအလျှော့ပေးလိုက်ပါတယ်။
အဖေဟာ သူ့ရဲ့ဝန်ထမ်းလစာလေးနဲ့ သားသမီတွေမျက်နှာ မငယ်ဖို့ ဘယ်လောက်ကြိုးစားရုန်းကန်ခဲ့တယ် ဆိုတာအဖေကွယ်လွန်တော့မှပဲ ပိုနားလည်လာရတာပါအဖေ။ကိုယ့်ထက်လစာနည်းတဲ့ အဖေ့လစာကိုပဲ ဝိုင်းသုံးခဲ့ကြတယ်။
ဒီနေ့ ကျွန်တော့်ဖေဖေ ဆုံးတဲ့၇ရက်မြောက်ရက်လည် ဆွမ်းသွပ်ကို အိမ်မှာလုပ်ကြတယ်။တစ်ပတ်လုံးလည်း အိမ်မှာဘုန်ကြီးပင့် တရားနာပြီ အဖေ့တွက်အမျှ ပေးဝေကြတယ်။ကျွန်တော်လည်း ဒီမလေးရှားက ဘုန်ကြီကျောင်းတစ်ကျောင်းမှာ တစ်ပတ်လုံး အာရုဏ်ဆွမ်း ကပ်ပြီး ရက်လည်ကိုလည်း ဘုန်းကြီးဆွမ်းကပ်ပြီး အဖေ့အတွက်အလှူအတန်းလုပ် ပါတယ်။အဲဒီကုသိုလ်အားလုံးရဲ့အဖို့အစုကို ဖေဖေရောက်ရာဘုံဘဝက သာဓုခေါ်ဆိုနိုင်ပါစေ အဖေ။
တစ်ကယ်တမ်းတော့ ကျွန်တော်ဟာ သေမှငိုတဲ့ သားမျိုးပါအဖေ။ ။
အဖေလည်း ကျွန်တော်တို့ဆီ ဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်တော့ဘူး။ ။


0 comments

Make A Comment
top